ရုပ်ရည်ချောမောသူက အလှဂုဏ်ကြောင့် မာန်တက်ပြီး
အလှအပများ ကုန်ဆုံးလေသောအခါ …
ပစ္စည်းဥစ္စာ ချမ်းသာသူက ဓနဂုဏ်ကြောင့် မာန်တက်ပြီး
ဘ၀အတက်အကျကြောင့် လက်ဗလာ ဖြစ်ရသောအခါ…
ပညာတတ်သူများက ပညာဂုဏ်ကြောင့် မာန်တက်ပြီး
အသုံးချမှားမှုကြောင့် အများချဉ်ဖတ် ဖြစ်လေသောအခါ…
ဆွေကြီးမျိုးကြီး မွေးဖွားသူက ကုလဂုဏ်ကြောင့် မာန်တက်ပြီး
ဆွေမျိုးနတ္ထိ အားကိုးမရှိသောအခါ…
ငယ်ရွယ်သူများက ကြီးသူများနှင့်ယှဉ်ကာ ယောဗ္ဗနမာန်တက်ပြီး
အိုမင်းမစွမ်း ဇရာလွှမ်းလေသောအခါ…
ကျမ္မာသန်စွမ်းသူများက ရောဂါသည်များနှင့်ယှဉ်ကာ အာရောဂျမာန်တက်ပြီး
ရောဂါတစ်မျိုးမျိုး နှိပ်စက်ခံရလေသောအခါ…
အသက်ရှင်နေသူများက သေသူနှင့်ယှဉ်ကာ ဇီဝိတမာန်တက်ပြီး
ဥပစ္ဆေဒကကံကြောင့် ဖြုတ်ကနဲ သေဆုံးရသောအခါ…
ရာထူး အာဏာ ဂုဏ်ပါဝါရှိသူတို့က ပါဝါဂုဏ်ကြောင့် မာန်တက်ပြီး
အနိစ္စသဘောကြောင့် သာမာန်ဘ၀ ရောက်ရှိသွားသောအခါ…
နောက်ဆုံးတွင် မည်သူမျှ တရားမချရပဲ ထိုသူတို့၏ မာန်မာနသည် အလိုလို လျောကျရလေ၏။
'' မာန ဟူသည် "
မာန ဟူသည် ဇာတိအနွယ်၊ အမျိုးကျယ်၍၊
ရာထူး အာဏာ၊ ပညာဂုဏ်ဒြပ် လှဂုဏ်ဖက်လျက်၊
စည်းစိမ်ဥစ္စာ ကျမ္မာ ငယ်ဂုဏ်၊ တစ်စုံတစ်ရာ ရှိကြပါမူ၊
ငါနှင့် မတန်၊ ငါ့ဟန် ငါသာ၊ ပြိုင် မလာနှင့်၊
ဝါးခေါင်းလသာ၊ နှိုင်းပမာသို့၊
နားထင်သွေးရောက် ဂုဏ်မောက်တတ်စွ၊
အင်္ဂါအားလုံး သိမ်းကြုံးကာသာ ပြည့်စုံပါမူ၊
ကျားကို တောင်ပံ၊ တပ်သည့်ဟန်သို့၊
ထိုသူ့ မာန၊ တိုင်းအဆကား၊
ဆိုဖွယ်စကား မရှိငြားတည်း၊
ရာထူးအာဏာ၊ ပညာ ရူပ၊ ဂုဏ် ဓနတို့၊
ဖြစ်မြဲဓမ္မတာ၊ အနိစ္စာဖြင့်၊
ရွေ့ရွေ့ကုန်ဆုံး၊ ပျက်ပြယ်သုဉ်းက၊
ထောင်လွှားတတ်လှ၊ မာန်မာနတို့၊
လျောကျသည်မှာ မလွဲသာရှင့်။
မာနကိုယ်စီ၊ ဘ၀င်ချီလျက်၊
တစ်ရာတမ်းမှာ၊ လူဖြစ်လာကြ၊ တခဏ၀ယ်၊
မာ- လျင်၊ န-မြဲ၊ သဘောပဲမို့၊
ကာလရွှေ့ပြောင်း၊ အချိန်နှောင်းက၊
ရန်ငြိုးအာဃာတ၊ ဗလပွနှင့်၊
ဒဏ်ရာကိုယ်စီ၊ နောင်တဆီသို့၊
ချဉ်းကပ်ရင်းသာ၊ ရင့်ကျက်လာသည်၊
လူ့ရွာ မာန၊ ပြိုင်ပွဲတည်း…
အမှားကိုယ်စီ ရှိမြဲတည်း…
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
No comments:
Post a Comment