အလှတရားမရှိသော အချစ်
.................................
“ ရင်မှာ အချစ်များ ဖြစ်မိနေလား ... မရေရာဘူး စိတ်ထဲက ... ငယ်ငယ်ကသံယောဇဉ်
ခင်မင်ရုံစိတ်ကလေးများ ... ကြင်နာခြင်းရဲ့စိတ်ရိုင်းများ ...
ကိုယ့်နှလုံးသား အရောင်ပြောင်းသွား ... နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ
” သူမ၏ မိုဘိုင်းဖုန်းလေးမှ Ringtone သံလေး ထွက်ပေါ်လာသော်လည်း
မကိုင်မိသေးဘဲ သီချင်းကိုသာ ဆက်နားထောင်နေမိသည်။
ခံစားချက်ချင်းငြိသောကြောင့် ဒီသီချင်းလေးကို သူမ အလွန်ပင် နှစ်သက်ရပါသည်။
ဒီသီချင်းကိုဆိုသော အဆိုတော်သည် ဘယ်လို ခံစားချက်တွေနှင့် သီဆိုထားလဲ
သူမမသိပါ။ သိုပေမယ့် စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကိုက
သူမခံစားချက်တွေနှင့် တိုက်ဆိုင်လွန်းနေသည်။
ထို့ကြောင့်လည်း ဖုန်း
Ringtone အဖြစ် ဒီသီချင်းလေးကို သွင်းထားခဲ့ခြင်းဖြစ်သည်။ သူ ဆိုသည်မှာ သူမ
ငယ်ငယ်လေးကတည်းက တစ်ဖက်သတ် ရင်ခုန်ချစ်မြတ်နိုးခဲ့ရသော ငယ်သူငယ်ချင်းလေး
မင်းရံခ ဆိုသူပင်။ “ ပြော . . . ရံခ ” “ နင် ဘာလုပ်နေလဲ . . .
မအိပ်သေးဘူးလား ” “ မအိပ်သေးလို့ပဲ နင်နဲ့ ဖုန်းပြောနေတာပေါ့ . . . ပြော
ဘာကိစ္စလဲ ” “ အကူအညီတောင်းမလို့ ” “ ဘာ . . . အကူအညီ ! ဘာကူညီရဦးမှာတုန်း .
. . နင့်ရည်းစားရှုပ်ရှုပ်ယှက်ယှက်တွေထဲ ငါ့ကို ဝင်မပါခိုင်းနဲ့နော် . . .
အဲ့ဒါဆိုရင်တော့ လုံးဝမကူညီဘူး ” “ ရှုပ်ရှုပ်ယှက်ယှက်တွေထဲ
ဝင်မပါခိုင်းပါဘူးဟာ . . . မွေးနေ့လက်ဆောင်လေး ဝယ်ပေးရုံလေးတင် . . .
မနက်ဖြန် ငါ့ကောင်မလေး မွေးနေ့ဟ . . . အခုထိ ဘာဝယ်ပေးရမှန်း မသိသေးဘူးဟာ . .
. အဲ့ဒါ . . . နင် စဉ်းစားပြီး ဝယ်ပေးပါလားလို့ . . . အဟဲ ” “ နင်က ငါ့ကို
မခိုင်းရင် စားမဝင် အိပ်မပျော်ဘူး တူတယ်နော် . . . ရည်းစားအတွက်
မွေးနေ့လက်ဆောင် ဝယ်ပေးတာတောင် ကိုယ်တိုင်မဝယ်ပေးချင်ဘူး . . . တကယ်ဆိုရင်
နင် ကိုယ်တိုင် ဝယ်ပေးသင့်တယ် ရံခ . . . နင် အဲ့ဒီကောင်မလေးကို တကယ်ရော
ချစ်ရဲ့လား ” “ နင်ကလည်း မဆိုင်တာတွေ မေးပြန်ပြီဟာ . . . ဝယ်ပေးမှာလား
မဝယ်ဘူးလား တစ်ခုခုပဲပြော ” သူနှင့်ပတ်သက်လျှင် ငြင်းချင်ရင်တောင်မှ
ငြင်းနိုင်သောအင်အား သူမမှာ မရှိပါပေ။ သူမအတွက် အချစ်ဆိုသောအရာသည်
ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ပါလိမ့်မည်။ သူ ဖြစ်ချင်သော ဆန္ဒတွေကို မငြင်းမညူ
ဖြည့်ဆည်းပေးခြင်းသည် သူမနှလုံးသားမှ ဖြစ်တည်လာသော သူမ၏အချစ်ပင်။
ဖွင့်ပြောခွင့်မရှိသည့််ဘဝမှာ ကိုယ်ချစ်သောသူ၏ဆန္ဒတွေကို
ဖြည့်ဆည်းပေးပြီးတစ်ဖက်သတ်ချစ်နေရုံကလွဲ၍ သူမ ဘာများတတ်နိုင်ဦးမှာလဲ။ သူမ
တစ်ခု ကြားဖူးပါသည်။ အချစ်မှာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိသတဲ့ . . .
ဒါဆိုရင် တစ်ဖက်သတ်ဆိုသော စကားလုံးကို ဘယ်သူများ စာလုံးပေါင်းခဲ့သလဲ သူမ
မေးကြည့်ချင်ပါသည်။ တစ်ဖက်သတ်ချစ်နေရသည့်ဘဝမှာ သူ့ဆီက
တုံ့ပြန်လာမည့်အချစ်တွေကို သူမ မမျှော်လင့်ရဲခဲ့သည်မှာ အမှန်ပါ။
သူမလိုပုံစံမျိုးနှင့် သူ့ဆီက အချစ်တွေကို မမျှော်လင့်ရဲသည်ကလည်း မဆန်းသား .
. . သူမသည် သူ စိတ်ဝင်စားစရာမကောင်းလောက်အောင် ဝတုတ်နေသောသူ ဖြစ်လေသည်။
ဒီလိုဝတုတ်နေခြင်း၏ အဓိကတရားခံကလည်း သူမကိုယ်တိုင်ပင် . . . ငယ်ငယ်ကတည်းက
စားခြင်းသောက်ခြင်းကို ဝါသနာထုံပြီး ဖေဖေကလည်း မိတဆိုးလေးမို့
အဆုံးစွန်အလိုလိုက်ထားရာ လိုတရခဲ့သော သူမဘဝမှာ
အများဆုံးတောင့်တခဲ့သောအရာတွေသည် အရုပ်နှင့်မုန့်တွေ ဖြစ်သည်။ ဖေဖေ
ကုမ္ပဏီကပြန်လာတိုင်း မုန့်တစ်ခုခုပါလာမှ ကျေနပ်ခဲ့သူ . . .
အစားအသောက်နှင့်ပတ်သက်လျှင် စိတ်ရှိတိုင်း စားသောက်တတ်သူပင်။ ထိုသို့
စိတ်ရှိတိုင်းစားသောက်ခဲ့ခြင်းက သူမကို အတိုင်းအလွန် ဝစေခဲ့လေသည်။
ငယ်ငယ်တုန်းက ဝကစ်ကစ်လေးနှင့် ချစ်စရာကောင်းခဲ့ပေမယ့်
အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယေက်၏ ဝတုတ်နေခြင်းက ဘယ်လိုမှ
ချစ်စရာကောင်းတော့မည် မဟုတ်ပါ။ ဝမှလှတာ ဆိုသော ဆိုရိုးကလည်း
မော်ဒယ်လ်ပိန်ပိန်လှလှလေးတွေ ကြီးစိုးနေသော ဒီနေ့ခေတ်ကြီးမှာ
သုံးစားမရတော့ပြီ။ အစားအသောက်နှင့်ပတ်သက်လျှင် သူမ ဘယ်လိုမှ
ဟန်မဆောင်နိုင်ခဲ့ပါ။ ပြီးမှ ဖြစ်ချင်တာဖြစ်ဆိုပြီး အငမ်းမရ
အမုန်းစွဲတတ်သည်မှာ သူမအကျင့်။ အစားအစာတွေသည် သူမ ချစ်သောအရာတွေပင်။
( ဖေဖေနှင့် သူပြီးလျှင် ) သူမ ချစ်ရသောအရာတွေမှာ အစားအစာတွေကလွဲပြီး
အခြားမရှိတော့ပြီ။ သူက ဆိုလျှင် . . . “ အစားတွေလည်း လျှော့စားပါဦး
မိုးသားရယ် . . . နင်ကိုယ်နင်လည်း မှန်ထဲ ပြန်ကြည့်ဦး . . . ဆင်ပေါက်နီးနီး
ဖြစ်နေပြီ . . . ဝိတ်ချဖို့ပြောလည်း အပိုပဲ နေမှာပါ . . . စားတာလည်း
အငမ်းမရပဲ . . . ဖုတ်များဝင်နေလား မသိဘူး ” ဟု မှိုချိုမျစ်ချိုး
ပြောတတ်လေသည်။ သူပြောသလို သူမ ဝိတ်ချချင်ပါသည်။ သို့ပေမယ့် သူမသည်
တစ်ပေါင်လောက် ဝိတ်ချလိုက်လျှင် နှစ်ပေါင်လောက် ပြန်တက်လာတတ်သူ . . .
တစ်ခါအငတ်ခံထားလိုက်သည်နှင့် နှစ်ဆလောက် ပြန်စားတတ်သူဖြစ်သောကြောင့်
ဝိတ်ချခြင်းကို စိတ်ကုန်လျက် အစားအသောက်ဘက်ကိုသာ
အာရုံလှည့်ထားလိုက်တော့သည်။ တစ်ခါတလေ အချစ်သည် အစားအသောက်နှင့်တူရင်
သိပ်ကောင်းမှာပဲ ဟု သူမ တွေးမိသည်။ သူမ တစ်ခါစားလိုက်တိုင်း
တစ်ပေါင်တက်လာသလိုမျိုး သူမအချစ်တွေ တစ်စတစ်စ တိုးလာတိုင်း သူ့ရင်ထဲမှာ
သူမအပေါ် ဖြစ်တည်သောချစ်ခြင်းတွေ တစ်စတစ်စ တိုးလာစေချင်သည်။ ဒီနေ့အထိတော့
သူမသည် တစ်ဖက်သတ်ဆိုသော ခေါင်းစဉ်အောက်မှာပင် သူ့ကို အတိုင်းထက်အလွန်
ချစ်မြတ်နိုးနေရပါသည်။
% . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . %
“ မိုးသား . . . မပြီးသေးဘူးလား ” “ ပြီးတော့မယ် ပြီးတော့မယ် . . . ၁၄၉၇
လုံး ရနေပြီ ” ဒီနေ့သည် သူ့မွေးနေ့ဖြစ်ရာ သူ့ကို မွေးနေ့လက်ဆောင်ပေးဖို့
စက္ကူကြယ်ဖောင်းဖောင်းလေးတွေ ခေါက်နေခြင်းဖြစ်သည်။ အခုလို
စက္ကူကြယ်လေးတွေခေါက်နေရသည်မှာ တစ်ခါက ကြယ်တွေခူးလို့ရရင် သိပ်ကောင်းမှာပဲ
ဟု ပြောဖူးသော သူ့စကားကြောင့် ပင်ပင်ပန်းပန်း ခေါက်နေရခြင်းပါ။ သူမ
ရူးလည်းရူးပါသည်။ အချစ်နှင့်တွေ့ရင် လူတိုင်း ရူးသွားတတ်ကြသည် မဟုတ်လား။
ဒီနေ့တစ်မနက်ခင်းလုံး သူမ ဘာမှမလုပ်ဘဲ စက္ကူကြယ်တွေသာ ထိုင်ခေါက်နေခဲ့သည်။
လက်ထိပ်တွေလည်း နာလှပါသည် . . . နောက်ဆုံးလက်ကျန် သုံးလုံးလေးကို သူမ
မနည်းအားတင်းပြီး ခေါက်နေရသည်။ နောက်ဆုံးတော့လည်း အောင်မြင်စွာ
ခေါက်ပြီးသွားခဲ့သည်။
“ ဟေး . . . ပြီးပြီဟေ့ . . . ၁၅ဝဝ ရပြီကွ ” “
အေး . . . ရပေဦးမှပဲ . . . တစ်မနက်ခင်းလုံး ကြယ်တွေထိုင်ခေါက်နေလိုက်တာ . .
. မိုးသား နင့်လက်တွေ မနာဘူးလား ဟင် ” “ နာတာပေါ့ ဟယ် . . . ဒါပေမယ့်
ချစ်တော့လည်း ဒီလောက်ကတော့ အေးဆေးပါ ” “ နင် ရံခကို တော်တော်ချစ်သလား ” “
တော်တော်မဟုတ်ဘူးဟေ့ . . . ပြောမပြတတ်အောင်ကို ချစ်တာ. . . ခဏနေဦး ငါ
ပြင်လိုက်ဆင်လိုက်ဦးမယ် ” ဟုဆိုကာ ရေချိုးခန်းထဲသို့ ပြေးဝင်ခဲ့သည်။
မေလင်းနှင့်သူမသည် ငယ်ငယ်လေးကတည်းက ဒီနေ့အထိ တွဲလက်မြဲခဲ့သော
ငယ်သူငယ်ချင်းတွေ ဖြစ်သည်။ သူမမှာ သူငယ်ချင်းများများစားစားမရှိပါ . . .
မိန်းကလေးသူငယ်ချင်းဆို မေလင်း တစ်ယောက်တည်း ရှိသည်။
ယောက်ျားလေးသူငယ်ချင်းကတည်း သူနှင့်ထက်မင်းတို့ နှစ်ယောက်တည်းသာ။
သူငယ်ချင်း မိတ်ဆွေမရှိသည်ကလည်း သူမ၏ အားနည်းချက်ကြောင့်ပင်။ သူမ
အခြားသူတွေကို မခင်ချင်ပါ . . . လူကို မြင်လိုက်သည်နှင့် လှောင်ချင်သလိုလို
ရယ်ချင်သလိုလို မျက်လုံးများနှင့် ကြည့်ကြခြင်းကို သူမ အလွန်
မုန်းတီးလှပါသည်။ မေလင်း ၊ ရံခ နှင့် ထက်မင်းတို့သာ
အိမ်နီးချင်းတွေလည်းဖြစ် . . . မိဘချင်းကလည်း ရင်းနှီးကြသောကြောင့်
ငယ်ငယ်ကလေးဘဝကတည်းက သူငယ်ချင်းတွေ အလိုလို ဖြစ်လာခဲ့ရသည်ပင် . . . သူမသဘော
သူမဆန္ဒအတိုင်းသာဆိုလျှင် သူမ လူတစ်ယောက်ကို လွယ်လွယ်ကူကူ မခင်တတ်ပါပေ။
သူမအတွေးတွေသည် လွန်ခဲ့သောကလေးဘဝဆီသို့ အလည်သွားနေပေရာ အတွေးတွေ
ဘယ်လောက်တောင် အလည်လွန်နေလည်းမသိ . . . အပြင်က မေလင်း၏စိတ်မရှည်သော
အသံချိုချိုလေး ထွက်ပေါ်လာတော့မှ ရေချိုးခြင်းကို လက်စသတ်ရလေသည်။ ထို့နောက်
လိမ်းစရာရှိသည် လိမ်း ပြင်စရာရှိသည် ပြင်ပြီး အဝတ်အစားအမြန်လဲကာ
ရေချိုးခန်းထဲမှ ထွက်လာသည်။ ပြီးလျှင် စာကြည့်စားပွဲပေါ်က သူ့အတွက်
မွေးနေ့လက်ဆောင်လေးကိုယူပြီး မေလင်း သွားရအောင် ဟုဆိုကာ သူမတို့နှစ်ယောက်
သူ့အိမ်ဘက်သို့ ကူးလာခဲ့တော့သည်။ သူမအိမ်နှင့် သူ့အိမ်သည် ခြံချင်းကပ်လျက်
ဖြစ်သောကြောင့် နောက်ဖေးပေါက်ကနေ အလွယ်တကူ ဝင်လာခဲ့လေသည်။ “ မိုးသား
အမြန်လာ . . . ဟိုနှစ်ကောင် ဘာတွေတွတ်တိုးနေလဲ မသိဘူး . . .
ခိုးနားထောင်ရအောင် လာ ” “ နင်ကလည်း . . . ” စပ်စုတတ်သော မေလင်းက
စပိုင်တစ်ယောက်လို နားလေးစွင့်ကာ သူနှင့်ထက်မင်း စကားပြောနေသော
ဒန်းစင်အနားရှိ နံရံတစ်ခုမှာကွယ်ပြီး အမိအရပင် ခိုးနားထောင်နေပါတော့သည်။ သူ
ဘာတွေပြောနေမလဲ . . . သူ စိတ်ဝင်စားသည့် ကားအကြောင်းလား . . . ဒါမှမဟုတ်
သူ အခု တက်နေသည့် သင်တန်းအကြောင်းလား . . . ဒါမှမဟုတ် သူ အခုလိုက်နေသော
ကောင်မလေး ဘယ်လိုလှတယ် ဆိုသော အကြောင်းလား။ သူမလည်း နံရံနားလေးကပ်ကာ
ခိုးနားထောင်နေမိသည်။ ပထမဆုံး ထက်မင်း၏အသံ ခပ်သြသြ ထွက်ပေါ်လာသည်။ “ မင်း
မိုးသားကို ဘယ်လိုမြင်လဲ ရံခ ” “ ဘာဖြစ်လို့လဲ . . . ငါက မိုးသားကို
ဘယ်လိုမြင်ရမှာလဲ ” “ မိုးသားက မင်းအပေါ်မှာ အရမ်းအနွံတာခံတာလေ . . . မင်း
ခိုင်းရင် ဘာမဆိုလုပ်ပေးတာကိုပဲ ကြည့် . . . သူ မင်းကို ကြွေနေတယ်နဲ့
တူတယ်နော် . . . အဲ့ဒါ မင်း ဘယ်လိုမြင်လဲ ” “ သူ့ဘာသာသူ ကြွေပစေလေ . . .
ငါ့ဘက်ကတော့ ဝေးပါတယ်ကွာ . . . သူလို ဖက်တီးပုပ်မကို အိပ်မက်ထဲတောင်
ထည့်မမက်ဘူး . . . နေရာမဆံ့လို့ . . . ” သူ့စကားသံအဆုံးတွင် သူမ
ကိုင်ထားသော စက္ကူကြယ်ကလေးတွေ ထည့်ထားသည့် ဖန်ပုလင်းလေးသည် သူမလက်ထဲမှ
လွတ်ကျသွားလေသည်။ ခွမ်း ဆိုသော အသံနှင့်အတူ သူမနှလုံးလည်း တစ်စစီ
ပဲ့ကြွေသွားသလို ခံစားရသည်။ မျက်ရည်တို့ကလည်း သူမ ခွင့်ပြုချက်မရဘဲ
မျက်ဝန်းမှ ပါးပြင်ထက်သို့ ခုန်ပေါက်စီးဆင်းလာကြသည်။ ဖြစ်နိုင်မည်ဆိုလျှင်
ဒီနေကနေ အဝေးဆုံးကို သူမ ထွက်ပြေးသွားချင်ပါသည်။ သို့သော်
ခြေတစ်လှမ်းလှမ်းဖို့တောင် သူမမှာ အင်အားမရှိတော့ပါပေ။ “ မိုးသား . . . ”
သူ့ခေါ်သံကြောင့် သူမ သူ့ကို ကြည့်မိသည်။ သူသည် သူမကို အားနာသော
မျက်လုံးများနှင့် ကြည့်နေလေသည်။ သူရော ဘာထူးလဲ . . . အခြားသူတွေလို
သူမ၏အားနားချက်ကို လှောင်ပြောင်နေသော သူ ။ “ နင် ဒီလို ပြောထွက်လိမ့်မယ် ငါ
မထင်ထားဘူး ရံခ . . . . . . နင်တို့လည်း အခြားသူတွေလိုပဲ . . .
ငါ့ကွယ်ရာမှာ ငါ့အားနည်းချက်ကို ထင်သလို လှောင်ပြောင်ရယ်မောနေကြတာ . . .
ဟုတ်တယ် ငါက ဖက်တီးမကြီးပဲ . . . ငါ အရမ်းဝတယ် . . . ” သူမ အသံကုန်ဟစ်ပြီး
ငိုကြွေးပစ်ချင်သောစိတ်များ တလှိုက်လှိုက်တက်လာရာ မျက်ရည်များ အလိုလို
စီးကျလာသည်။ “ တစ်ခုတော့ ပြောခဲ့မယ် ရံခ . . . လောကကြီးမှာ အချစ်စစ်တွေ
ဘာလို့ရှားပါးကုန်တာလဲ နင် သိလား . . . နင်တို့ယောက်ျားတွေ အလှမက်လာလို့ပဲ ”
တစ်ကိုယ်လုံးမှာရှိသော အားတွေစုကာ ပြောချလိုက်ပြီး သူမ ပြေးထွက်လာခဲ့သည်။
တကယ် မသိခဲ့ခြင်းပါ . . . ဒီနေ့သည် သူမနှလုံးသားကို စုတ်ပြတ်သတ်အောင်
တစ်စစီဖဲ့ခြွေခံရမည့် နေ့ဆိုတာကို . . . . . ။
% . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . %
အချစ်သည် ဒီလောက် ရက်စက်လိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပါ။
ပထမဆုံးအချစ်အတွက် ခံစားနေရသော ဝေဒနာသည် ရင်နှင့်မဆံအောင်ပင်။ “ သူ့လို
ဖက်တီးပုပ်မကို အိပ်မက်ထဲတာင် ထည့်မမက်ဘူး နေရာမဆံလို့ ” ဟူသော သူ့စကားကို
ပြန်တွေးမိတိုင်း သူမ သူ့ကို စိတ်နာချင်သည်။ သို့သော် အချစ်ကြီးချစ်ခဲ့သော
သူမအတွက် စိတ်မနာနိုင်ဘဲ သူမကိုယ်သူမ “ ဒီလောက် ဝရလား ” ဟု အပြစ်တင်မိသည်။
အခုချိန်မှာ သူမ အသိချင်ဆုံးမေးခွန်းသည် “ လူတစ်ယောက်၏ရင်ထဲမှာ
အချစ်တစ်ခုဖြစ်ဖို့အတွက် လှနေဖို့ လိုအပ်သလား ” ဆိုသော မေးခွန်းပင်။
သူမရင်ထဲမှာ ထိုမေးခွန်းကို မေးလိုက်တိုင်း သူမ ငိုပဲငိုမိသည်။
မျက်ရည်တွေကလည်း သူမအလိုကို လိုက်ပေးဖို့ အဆင်သင့်။ အကယ်၍ သူ့ရင်ထဲမှာ
အချစ်တစ်ခုဖြစ်ဖို့အတွက် လူတစ်ယောက်သည် လှနေဖို့လိုအပ်မည်ဆိုလျှင် သူမ
ဘာလုပ်သင့်လဲ။ လှနေဖို့လိုအပ်မည်ဆိုလျှင် သူမ လှအောင် ပြုပြုပစ်လိုက်ပါမည်။
“ ရူးတယ် ” ဟု ဆိုရင်လည်း သူမသည် အရူးတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။
% . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . %
သုံးနှစ်ကြာပြီးနောက် . . . . အချိန်တွေကြာခဲ့ပေမယ့်လည်း
ပြန်စဉ်းစားကြည့်လျှင် မနေ့တစ်နေ့ကလိုပင် . . . သူမရင်ဘတ်ထဲမှာ ဒဏ်ရာတွေ
အဆိပ်တက်နေတုန်း ရှိသေးသည်။ ဘယ်ဘက်ရင်အုံထဲက နှလုံးသားလည်း အနာမကျက်သေးဘူး
ဆိုတာ မျက်ရည်တွေက သက်သေခံနေသည် မဟုတ်လား။ သုံးနှစ်ဆိုသော အချိန်ကာလသည်
သူမကို လုံးဝ ပြောင်းလဲစေခဲ့သည်။ အရင်တုန်းကလို ဝတုတ်တုတ် ဖက်တီးမကြီး
မဟုတ်တော့ဘဲ သွယ်လျလှပသော ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီ။
ထိုသို့ဖြစ်အောင်လည်း သူမ ချစ်သောအစားအစာတွေကို စတေးခဲ့ရသည်။ အရင်က
စိတ်ရှိတိုင်း စားသောက်ခြင်းကို စွန့်လွှတ်ကာ သူ့အချိန်နှင့်သူ
အချိုးအစားမျှတစွာ စားသောက်ခဲ့ရသည်။ မနက်စာနှင့်ညစာကို အသီးအရွက်တစ်ပွဲ
သို့မဟုတ် ဖျော်ရည်တစ်ခွက်ဖြင့်သာ ရောင့်ရဲ တင်းတိမ်ပြီး
နေ့လည်စာထမင်းတစ်နပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ စားရသည်ကလည်း အစာပြေရုံလောက်သာ။
ဒါတင်မက လုပ်လိုက်ရသော လေ့ကျင့်ခန်းတွေကလည်း ကိုယ့်ကိုယ်ကို
သတ်သေချင်စိတ်ပေါက်သည်အထိပင်။ နေပြည်တော်ရှိ ဥပ္မါတသန္တိဘုရားလှေကားများတွင်
တက်လိုက်ဆင်းလိုက်လုပ်ရသော ဒုက္ခသည် သူမအတွက် အဆိုးရွားဆုံးဖြစ်လေသည်။
သို့ပေမယ့် သူကိုချစ်သောစိတ်တစ်ခုတည်းနှင့်တင် ပင်ပန်းဆင်းရဲလှသော
ထိုနေ့တွေကို သူမ ဖြတ်ကျော်နိုင်ခဲ့ပါသည်။ သူမရင်ထဲကအချစ်သည်
သူမကိုအစစအရာရာ ပြောင်းလဲပေးခဲ့ပါသည်။ အခုချိန် သူရော ဘာတွေလုပ်နေမလဲ . . .
သူနှင့် နောက်ဆုံးတွေ့ခဲ့ရသော သူ့မွေးနေ့ကစပြီး သုံးလေးငါးရက်အကြာတွင်
နေပြည်တော်ရှိ အဒေါ်တစ်ယောက်အိမ်သို့ ပြောင်းရွှေ့လာခဲ့ရာ သူနှင့်သူမ
အဆက်အသွယ်ပြတ်ခဲ့သည်မှာ ကြာပြီ။ အဆက်အသွယ်ပြတ်အောင် လည်း သူမကိုယ်တိုင်
ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူမကိုယ်သူမ ပြောင်းလဲဖို့အတွက် သူနှင့်ဝေးရာ
နေပြည်တော်ကို ခေတ္တရှောင်တိမ်းခဲ့ခြင်းပါ။ ထိုသို့ရှောင်တိမ်းဖို့ သူမမှာ
ဖေဖေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ရသည်။ ဖေဖေက သူမကို နားလည်ပေးကာ
ခွင့်ပြုပေးရှာပါသည်။ ဤသို့ဖြင့် သုံးနှစ်တာကာလပတ်လုံး ဖေဖေတစ်ယောက်လွဲပြီး
သူမ ဘယ်သူ့မှ အဆက်အသွယ်မလုပ်ဘဲ နေပြည်တော်တွင် အချိန်ကုန်ခဲ့ရလေသည်။
သူမအတွေးတွေသည် လွန်ခဲ့သော သုံးနှစ်တာကာလဆီသို့ ရောက်သွားလျက်
လူတစ်ယောက်နှင့် တိုက်မိတော့မှ သူမ စိတ်နှင့်ကိုယ် ပြန်ကပ်တော့သည်။ ပြဿနာက
အဲ့ဒီမှာ စလေသည်။ ဈေးဝယ်ဖို့ စူပါမားကတ်ထဲ သူမကအဝင် စူပါမားကတ်ထဲက
လူကအထွက် တစ်ယောက်နှင့်တစ်ယောက်တိုက်မိကြရာ သူမက ဘာမှမဖြစ်သော်လည်း
ဟိုလူ့မျက်နှာက ရှစ်ခေါက်ချိုးနေလေပြီ။ အကြောင်းမှာ သူမနှင့်တိုက်မိခြင်းက
ထိုသူ ယူလာသော ဖန်ပုလင်းလေး ကျကွဲသွားခြင်းပင်။ ပိုဆိုးသည်က ပုလင်းထဲတွင်
ထည့်ထားသော စက္ကူကြယ်လေးတွေ သည် စူပါမားကတ်လှေကားပေါ်တွင် ပြန့်ကြဲကုန်လျက်
အချို့တလေတောင်မှ သူမ တက်နင်းမိလိုက်သေးသည်။ သူမ ဒီနေ့မှ
ရန်ကုန်ပြန်ရောက်သည်ဖြစ်ရာ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဈေးဝယ်ချင်လာ၍
အိမ်တောင်မဝင်သေးဘဲ စူပါမားကတ်ထဲဝင်မိကာမှ ပြဿနာနှင့် တည့်တိုးကြုံရလေသည်။
စိတ်ညစ်ဖွယ်ပင်။ “ ဆောရီးနော် ” “ ဘာဆောရီးလဲ ... တိုက်တုန်းက
မဆင်မခြင်ဝင်တိုက်ပြီးတော့ အခုတော့ ခေါက်ထားတဲ့ကြယ်တွေ အကုန်သွားပြီ ” “
တမင်ဝင်တိုက်ချင်လို့ ဝင်တိုက်မှ မဟုတ်တာ . . . မတော်တဆဖြစ်သွားတာလေ ” “
တမင်များ ဝင်တိုက်ကြည့်ပါလား . . . ခင်ဗျား အသက်တောင် ဘယ်ကထွက်သွားသလဲ
သိလိုက်မှာတောင် မဟုတ်ဘူး ” ကိုယ့်ခန္ဓာကိုယ်မှ အားမနာ
ဒီလောက်အဖြစ်သည်းနေသော ကိုရွှေဝတုတ်ကို သူမ ခြေဆုံးခေါက်ဆုံး အကဲခတ်မိလေသည်။
လူက ဝဝတုတ်တုတ် ဖိုးဝရုပ်ကြီးဖြစ်ကာ ဗိုက် ပါး နှင့် လည်ပင်းတို့သည်
ကြည့်မကောင်းနိုင်လောက်အောင် အဆီပိုတွေ ထွက်နေပေသည်။ “ ကောင်းပြီလေ . . .
ကျွန်မ ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးရမလဲ ” “ မေးနေစရာတောင် မလိုပါဘူး . . .
ခင်ဗျားသိတတ်မယ်ဆိုရင် ပြန်လျော်ပေးရမှာပေါ့ ” “ ဟုတ်ပြီလေ . . . ကျွန်မ
ပြန်လျော်ပေးပါ့မယ် . . . ဒါပေမယ့် အခုတော့ မလျော်ပေးနိုင်သေးဘူး . . .
ရော့ ဒီမှာ ကျွန်မ လိပ်စာကတ် ၊ ရှင် လိုချင်တဲ့အချိန် ကျွန်မဆီ
ဖုန်းဆက်လိုက်ပါ . . . လူတွေ အိပ်စက်တဲ့ညအချိန်တွေကလွဲပြီး အချိန်မရွေး
ကျွန်မ လာလျော်ပေးပါ့မယ် . . . အခုတော့ ကျွန်မ ဈေးဝယ်လိုက်ဦးမယ် ”
သုံးနှစ်အတွင်း သူ့အတွက် သူမ ခေါက်ထားသော စက္ကူကြယ်ကလေးတွေ အများကြီးပင်။
ထို့ထဲမှ သူမ အလျော်ပေးလိုက် ပါမည်။ သူမသည် ထိုဝတုတ်ကို လိပ်စာကတ်ပေးပြီး
စူပါမားကတ်ထဲဝင်ဖို့ တံခါးကို ဖွင့်လိုက်လျှင် ထိုဝတုတ်က . . . “ ခဏ . . .
ခဏ . . . ခဏနေပါဦး . . . ခင်ဗျားက ဒီလိပ်စာကတ်ထဲကနာမည်အတိုင်း တကယ်ပဲ
မိုးသားမေ လား ” “ ဘာလဲ ရှင်က အင် ထင်လို့လား . . . မယုံဘူးဆိုရင်
အဲ့ဒီလိပ်စာကတ်ထဲမှာ ပါတဲ့ ဖုန်းနံပါတ်ကို တစ်ချက် ခေါ်လိုက်လေ ” ဝတုတ်သည်
မယုံကြည်စွာပင် သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ
သူမလိပ်စာကတ်ကိုကြည့်ပြီး သူမဖုန်းနံပါတ်ကို ခေါ်နေလေသည်။ ဒီနေ့တော့
ဒီဝတုတ်ကြောင့် ဈေးဝယ်ရတော့မည် မဟုတ် . . . ပိုဆိုးသည်က
စူပါမားကတ်ရှေ့တွင် သူမနှင့် ဝတုတ်မှာ ပိတ်နေသလိုဖြစ်နေပြီး
ဈေးလာဝယ်သူတွေသည် သူမတို့နှစ်ယောက်ကို ရှောင်ပြီးမှ စူပါမားကတ်ထဲ
ဝင်ကြလေသည်။ လှေကားတွင်လည်း စက္ကူကြယ်တွေ ပြန့်ကြဲနေလျက် . . . သူမမှာ
အရင်ဆုံး လုံခြုံရေးထံ အကူအညီတောင်းပြီး ရှင်းခိုင်းရသည်။ ဝတုတ်ကတော့
အလိုက်ကန်းဆိုးမသိစွာ ဖုန်းကို သည်းသည်မည်းမည်း ခေါ်နေသည်။ ခဏအကြာတွင်
သူမဖုန်းထဲမှ Ringtone သံလေး ထွက်ပေါ်လာသည်။ “ ရင်မှာ အချစ်များ ဖြစ်မိနေလား
... မရေရာဘူး စိတ်ထဲက ... ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံ စိတ်ကလေးများ ...
ကြင်နာခြင်းရဲ့ စိတ်ရိုင်းများ ... ကိုယ့်နှလုံးသား အရောင်ပြောင်းသွား ...
နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ ... ” “ ဘယ်လိုလဲ . . . ယုံပြီလား . . .
ကျွန်မ ဈေးသွားဝယ်တော့မယ် . . . ရှင် အလျော်လိုချင်တဲ့အချိန် ကျွန်မဆီ
ဖုန်းဆက်လိုက်ပါ . . . ကျွန်မကို သွားခွင့်ပြုပါဦး . . . နောက်မှ
ပြန်ဆုံတာပေါ့ ” “ မိုးသား . . . ” သူမ စူပါမားကတ်တံခါးကို ဖွင့်ရုံရှိသေး
စွဲစွဲငင်ငင် ခေါ်လိုက်သောအသံကြောင့် သူမ ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။
မိုးသား . . . တဲ့ . . . ထိုအသံသည် တစ်ချိန်က သူမ အရမ်းရင်းနှီးခဲ့သော
အသံဖြစ်သည်။ သူမအသည်းတွေ တစ်စစီ ကွဲခဲ့ရသောနေ့က သူမကို အားနာသော
မျက်လုံးများဖြင့်ကြည့်ပြီး ခေါ်လိုက်သောသူ၏ အသံဖြစ်သည်။ သူမ ဆတ်ခနဲ
လှည့်ကြည့်မိရာ ဝတုတ်သည်လည်း သူမကို အားနာသောမျက်လုံးဖြင့် ကြည့်နေလေသည်။ “
ငါ့ မင်းရံခ လေ ” ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတော့သည်။ သူက မင်းရံခ
တဲ့ . . . တစ်ချိန်က သူမ တစ်ဖက်သတ် ရင်ခုန်ချစ်မြတ်နိုးခဲ့ရသောသူ . . .
သူသည် လွန်ခဲ့သော သုံးနှစ်တာကာလက မင်းရံခနှင့် လုံးဝကြီး
ကွဲပြားခြားသွားပြီ။ အရင်က ချောမောခန့်ညားခဲ့သော သူ့ပုံစံကို ဘယ်လိုမှ
ပုံဖော်၍မရအောင် အရမ်းဝနေလေသည်။ “ ရံခ . . . နင် တကယ်ပဲ ရံခ ” “ နင်
တော်တော် ပြောင်းလဲသွားတယ်နော် မိုးသား ” သူကသာ သူမကို ပြောင်းလဲသွားသည်ဟု
ဆိုသည်။ သူကိုယ်တိုင်ကလည်း ပြောင်းလဲသွားပြီဆိုတာ မသိဘူးလား မသိ။ သူကသာ
မင်းရံခ ဟု ဆိုနေပေမယ့် သူမ ယုံတောင်မယုံကြည်နိုင်ပေ။ သို့ပေမယ့် တစ်ချိန်က
ကြည့်ခဲ့ဖူးသော မျက်ဝန်းတွေ . . . ကြားခဲ့ဖူးသော အသံတွေသည် သူမ အတော့်ကို
ရင်းနှီးနေပါသည်။ “ နင် တကယ်ပဲ ရံခနော် ” “ ဟုတ်ပါတယ်ဟာ . . . ငါ
မလိမ်ပါဘူး . . . နင် မယုံသေးဘူးဆိုရင် ဒါလေးကို ကြည့်ကြည့် ” သူသည်
ဘောင်းဘီအိပ်ကပ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ကာ ပိုက်ဆံအိတ်ထဲက
ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလေသည်။ ဓာတ်ပုံထဲတွင် သူ . . . သူမ . . .
ထက်မင်း နှင့် မေလင်းတို့သည် ပို့စ်အမျိုးမျိုးနှင့် ရှိနေသည်။
ထိုအချိန်တုန်းက သူသည် ချောမောခန်ညားသော ကောင်လေးတစ်ယောက်ဖြစ်ကာ သူမကတော့
ဝဝတုတ်တုတ်နှင့် ရုပ်ဆိုးမလေးတစ်ယောက်သာ ဖြစ်လေသည်။ ထိုဓာတ်ပုံလေးကို
မြင်တော့မှ သူသည် ရံခဆိုတာ တစ်ထစ်ချ ယုံကြည်ရပါသည်။ သူမသည် အံ့သြလွန်း၍
စကားတစ်ခွန်းမှတောင် ပြန်မပြောနိုင်တော့ပေ။ “ လာလေ . . . ငါတို့
တစ်နေရာသွားပြီး အေးအေးဆေးဆေး စကားပြောရအောင် ” “ သြော် . . . အေး ”
သူမတို့နှစ်ယောက် စူပါမားကတ်ထဲ ဝင်လာခဲ့ကြသည်။ သူမ အရမ်းအံ့သြရပါသည် . . .
အရမ်းလည်း ပျော်မိသည်။ အရင်ကထက်စာလျှင် သူမ အများကြီး
ပြောင်းလဲသွားခဲ့ပေမယ့် သူက မှတ်မိသည် မဟုတ်လား။ သူမမှန်း သူ
ဘယ်လိုသိခဲ့ပါသလဲ။ “ နင် ငါ့ကို မှတ်မိသားပဲနော် ရံခ ” “ အစကတော့ ငါလည်း
နင်မှန်းမသိဘူးပေါ့ဟာ . . . နင်က တော်တော်လှလာတာကိုး . . . နင်ရဲ့ Visiting
Card ကိုကြည့်လိုက်တော့မှ မိုးသားမေ ဆိုတော့ ငါ သိတဲ့
မိုးသားမေများလားပေါ့ . . . နင် ဖုန်းကိုခေါ်လိုက်တော့မှ သေချာသွားတာ ” သူမ
သူ့ကို မျက်စောင်းထိုးလိုက်မိသည်။ သူ ဆိုလိုသည့်သဘောက သူမ အရမ်းကြိုက်သည့်
သီချင်းလေးကြောင့် သူ သူမကို မှတ်မိခဲ့သည်ပေါ့။ ထို့နောက်
အအေးဆိုင်ရောက်သည်အထိ နှစ်ယောက်သား ဘာစကားမှမပြောတော့ပေ။
အအေးဆိုင်ထဲဝင်ထိုင်ပြီး ခဏအကြာတော့မှ သူက စကားစလာသည်။ “ ငါ
အရမ်းဝလာတယ်မလား ” “ သေချာတာပေါ့ . . . ဘာလို့ အဲ့လောက်ကြီး ဝလာတာလဲ ” “ ငါ
အသည်းကွဲခဲ့တယ်လေ . . . ငါ အရမ်းချစ်ရတဲ့ ကောင်မလေးက ငါ့ကို ထားသွားခဲ့တာ .
. . ငါ ဝဋ်လည်တာနဲ့ တူပါတယ်ဟာ . . . အဲ့ဒါနဲ့ ငါလည်း အစားတွေ ဇွတ်စားပြီး
ဝလာတော့တာပါပဲ . . . အစတုန်းကတော့ သူ့အပေါ် ငါ အနိုင်ယူခဲ့မိတယ် . . . သူ
ထားသွားတော့မှ ခံစားလိုက်ရတာ ရင်ကွဲမတတ်ပဲဟာ ” သူသည် ပြောရင်းပြောရင်း
ကြေကွဲသံတွေစွက်လာသည်။ သူမနှလုံးသားလည်း တဆစ်ဆစ်နှင့် နာကျင်လာသည်။ သူမ
မရှိသော သုံးနှစ်တာကာလအတွင်း သူ တကယ်ချစ်ရသောသူနှင့် တွေ့ဆုံခဲ့သည်ပေါ့ . .
. သူမမှာတော့ မျှော်လင့်ချက်တွေနှင့် ပင်ပန်းဆင်းရဲစွာ
ပြုပြင်ပြောင်းလဲပြီး သူ့ဆီ ပြန်လာခဲ့ရသည်။ သူမ ဒုတိယအကြိမ်
အသည်းကွဲပြန်ပါပြီ . . . ရင်ဘတ်တစ်ခုလုံး နာကျင်လွန်း၍ မွန်းကျပ်လာသည်။ သူမ
ခေါင်းလေးငုံ့ကာ ဖုန်းထဲမှ Ringtone လေးကို မသိမသာ ဖြုတ်ပစ်လိုက်သည်။ သူမ
မမျှော်လင့်ချင်တော့ပါဘူး။ “ မိုးသား ဘာလုပ်နေတာလဲ ” “ ဘာမလုပ်ပါဘူးဟာ . . .
ဖုန်းလဲရင် ကောင်းမလား စဉ်းစားနေတာ . . . သြော် ဒါနဲ့ နင့်ကို
အသည်းခွဲခဲ့တဲ့ ကောင်မလေးကို ငါ သိချင်လိုက်တာ . . . နင်လို
ခပ်ချောချောကောင်လေးတစ်ယောက်ကို အခုလို ဝတုတ်ကြီး ဖြစ်အောင် လုပ်နိုင်တာ ငါ
အရမ်းအံ့သြတာပဲ . . . အဲ့ဒီကောင်မလေးက ဘယ်သူလဲ . . . ငါ သိတဲ့သူတွေထဲကလား ”
ရင်ဘတ်ထဲက ဝေဒနာကို ကျိတ်မှိတ်ခံစားရင်း စကားတွေသာ တရစပ်ပြောနေမိသည်။ “ ငါ
ပြောရင် မရယ်ရဘူးနော် ” “ မရယ်ပါဘူးဟာ . . . နင် ဒီလောက်ခံစားနေရတာ ငါ
မရယ်ရက်ပါဘူး ” “ နင် သိတဲ့သူထဲကပါပဲ . . . သူ့နာမည်က မိုးသားမေ တဲ့ ”
မိုးသားမေ ! . . . ဒီနာမည် . . . ဒီနာမည်သည် သူမနာမည် မဟုတ်လား။ “ ငါ
သူ့ကို အရမ်းချစ်တယ် . . . သူရော ငါ့ကို ချစ်သေးရဲ့လား မသိပါဘူးဟာ ” သူမသည်
ကြောင်အမ်းအမ်းနှင့် မချစ်တော့ဘူး ဟု ဆိုလိုက်ရာ သူက အလန့်တကြားဖြင့် . . .
. . “ ဘာ . . . ဘာလို့လဲ . . . ငါ ဝနေလို့လားဟာ ” ဟု မေးလေသည်။ “
သေချာတာပေါ့ . . . နင်လို ဝက်ပုပ်ကို ချစ်ဖို့မပြောနဲ့ . . .
အိပ်မက်ထဲတောင် ထည့်မမက်ဘူး . . . နေရာမဆံ့လို့ ” သူ့မျက်နှာလေး
ညှိုးငယ်သွားပါသည်။ အမှန်တကယ်တော့ သူမ သူ့ကို ချစ်နေဆဲပါ . . . ဝ ရုံတင်မက
ရုပ်ကြီးဆိုးနေလည်း သူမ သူ့ကို ထာဝရချစ်နေဦးမှာပါ။ သူမ သူ့ကို
ချစ်ခဲ့သည်မှာ သူ၏ ချောမောခန့်ညားမှု အလှအပတွေကြောင့် မဟုတ်ပါ . . .
အခုချိန်မှာ သူ ဘယ်လိုပုံစံကြီးဖြစ်နေဖြစ်နေ သူမအတွက်တော့ မင်းသားလေးပင်
ဖြစ်ပါသည်။ ထို့အတွက် သူမ သူ့ကို ဝန်ခံလိုက်တော့မည်။ သူမလည်း သူ့ကို
အရမ်းချစ်ပါသည်။
No comments:
Post a Comment