တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ သူတောင်းစားနှစ်ယောက်ရှိတယ် ။ အဲဒီသူတောင်းစားနှစ်ယောက်ဟာ မြို့ကလေးမှာရှိတဲ့ အလွန်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးအိမ်မှာ သွားရောက်တောင်းစားလေ့ရှိတယ် ။ သူဌေးကြီးကလည်း သူတို့ကို အမြဲပဲ ငွေအကြွေတွေစွန့်ကျဲလေ့ရှိပါတယ်
။ အဲဒီလို တွေပေးတဲ့အခါတိုင်း အရပ်မြင့်တဲ့ သူတောင်းစားက “ အခုလို
ကျွန်တော်တို့ကို ပေးကမ်းစွန့်ကျဲတဲ့အတွ့် သူဌေးမင်းကျန်းမာပါစေ ခင်ဗျာ
အသက်ရာကျော်ရှည်ပါစေ ကျေးဇူးတင်ပါတယ်ခင်ဗျာ
” လို့အမြဲပြန်ပြောလေ့ရှိတယ် ။ ဒါပေမယ့် အရပ်ပုတဲ့ သူတောင်းစားကတော့
တစ်ခွန်းပဲပြောလေ့ရှိတယ် ။ “ ကျေးဇူးတင်ပါတယ် ဘုရားသခင် ”
နေ့တိုင်းနေ့တိုင်း သူတို့နှစ်ဦးဟာ လာရောက်တောင်းရမ်းကြသလို ထွက်ခွာသွားတဲ့အခါတိုင်းလည်း အဲဒီလိုပြောပြီးထွက်ခွာသွားမြဲဖြစ်တယ် ။ ကြလာတဲ့အခါမှာ သူဌေးကြီးက သတိပြုမိလာခဲ့တယ် ။ ဒီလိုနဲ့ သူဌေးကြီးကတွေးတယ် ။
“ အင်း တကယ်ဆို သူတို့ နှစ်ယောက်စလုံးကို ပေးကမ်းစွန့်ကျဲသူက ငါပါ ဘာလို့
အဲဒါကို အရပ်ပုတဲ့လူက ငါ့ကိုကျေးဇူးမတင်ပဲ ဘုရားသခင်ကိုပဲကျေးဇူးတင်စကားပြောရတာလဲ သူကျေးဇူးတင်သင့်တဲ့လူဟာ ငါဖြစ်တဲ့အကြောင်း သူ့ကိုငါ သင်ခန်းစာပေးရမယ် ” လို့ သူဌေးကြီးကတွေးလိုက်တယ် ။
နောက်တစ်နေ့မှာ သူဌေးကြီးဟာ ပေါင်မုန့်ဆိုင်ကိုသွားပြီးအရွယ်တူပေါင်မုန့်နှစ်လုံးကို
ဝယ်လိုက်လိုက်ပါတယ် ။ ပြီးတော့ ပေါင်မုန့်တစ်လုံးကို
အတွင်းသားတွေဖောက်လို့ အထဲမှာ ရတနာပစ္စည်းတွေထည့်လိုက်တယ် ။
သူတောင်းစားနှစ်ဦးလာရောက် တောင်းစားတဲ့အခါအမှာတော့ သူဌေးကြီးဟာ
ရတနာတွေပါတဲ့ပေါင်မုန့်ကို အရပ်ရှည်တဲ့ သူတောင်းစားကိုပေးလိုက်ပြီး ရိုးရိုးပေါင်မုန့်ကိုတော့အရပ်ပုတဲ့ သူတောင်းစားကိုပေးလိုက်ပါတယ် ။
သူ့စိတ်ထဲကနေတွေးလိုက်တယ် ။ “ ဟင်းဟင်း အခုတော့ ငါ့ကိုကျေးဇူးတင်တာနဲ့ဘုရားသခင်ကိုကျေးဇူးတင်တာ ဘယ်လိုကွာတယ်ဆိုတာ သိပြီ မဟုတ်လား ”
အရပ်ရှည်တဲ့သူတောင်းစားက ပေါင်မုန့်ကိုရပြီးတဲ့အခါ “ အင်း ဒီပေါင်မုန့်က လေးနေတယ်နောက်ပြီး ဂျုံတွေလည်းဖောက်ထားတော့မကောင်းတော့လို့ နေမယ် စားလို့လည်းကောင်းမှာမဟုတ်ဘူး သူနဲ့ငါလဲလိုက်မယ် ” ဆိုပြီးတွေးလိုက်တယ် ။ ပြီးတော့ သူ့ ပေါင်မုန့်နဲ့ တခြားအရပ်ပုတဲ့လူရဲ့ပေါင်မုန့်နဲ့လဲဖို့ပြောလိုက်တယ် ။ အရပ်ပုတဲ့သူတောင်းစားကလည်းတွေးလိုက်တယ် “ အင်း ဒါဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်မှာပါ ” ဆိုပြီး လဲပေးလိုက်ပါတယ် ။
နောက်တစ်နေ့မှာ အရပ်ပုတဲ့သူတောင်းစားဟာ မတောင်းရမ်းတော့ပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ရတနာတွေကိုပိုင်ဆိုင်ခွင့်ရသွားတယ် ။ သူဌေးကြီးဟာ အရပ်ရှည်တဲ့ သူတောင်းစားကိုမြင်တော့ အံ့သြခြင်းကြီးစွာနဲ့မေးလိုက်တယ် ။
“ ပေါင်မုန့်ကိုစားလိုက်တာလား ” “ စားလိုက်ပါပြီ ” “ ဟင် ဒါဆို ပေါင်မုန့်ထဲက ရတနာတွေရော ” “ ရတနာတွေ ဟုတ်လား ..ကျွန်တော်မျိုးက ဂျုံဖောက်ထားတာမကောင်းဘူးထင်လို့ ဟိုတစ်ယောက်နဲ့လဲစားမိလိုက်ပါတယ် ” လို့ပြောရင်း အဲဒီကျတော့မှ ပေါင်မုန့်လေးရခြင်းအကြောင်းကိုအ ရပ်ရှည်တဲ့သူတောင်းစားကသိသွားပါတော့တယ် ။
သူဌေးကြီးလည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရခြင်းနဲ့ ဘုရားသခင်ကိုကျေးဇူးတင်ရခြင်းရဲ့ကွဲပြားပုံအကြောင်းကို သိသွားခဲ့ပါတယ် ။
--------------------------------------------------
တကယ်တော့ သူဌေးကြီးကိုကျေးဇူးတင်ရခြင်းဟာ ဥစ္စာပစ္စည်းပိုလိုချင်လို့ ကျေးဇူးတင်ရခြင်းဖြစ်ပြီး ဘုရားသခင်ကိုကျေးဇူးတင်ရခြင်းကတော့ ရသင့်ရထိုက်တဲ့အရာကို ရတဲ့အတွက်ကျေးဇူးတင်ရခြင်းဖြစ်ပါတယ် ။ ဒီပုံပြင်လေးဖတ်ပြီး လောဘနဲ့ သူတစ်ပါးမကောင်းကြံခြင်းရဲ့ဆိုးကျိုးကိုလည်းသတိပြုမိသွားတယ် ။
ကိုယ်မစားချင်တဲ့အရာကို သူတပါးကို ပေးခြင်းဟာ အဲဒီဆိုးကျိုးရဲ့ဒါဏ်ကိုယ့်ဆီပဲပြန်လာတတ်တယ် ။ အလိုကြီးရင်အရနည်းတတ်သလို လောဘကို ထိမ်းချုပ်ပြီး ရောင့်ရဲတတ်သူတို့မှာလည်း ကြီးစွာသော ချမ်းသာကိုရစေတတ်တယ် ။
သက်တန့်ချို
No comments:
Post a Comment