ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကို ထုဆစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ရတဲ့ ကျောက်ဆစ်သမားတစ်ဦးရှိတယ် ။ သူဟာ နေ့တိုင်း ကျောက်တောင်ကြီးအောက်ခြေကနေစပြီး
ကျောက်တွေကို ထုဆစ်လို့ ရလာတဲ့ ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့်
အသက်မွေးဝမ်းကြောင်းပြုတယ် ။ တစ်နေ့တော့ သူဟာ သူထုဆစ်လို့
ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို ရောက်လာခဲ့ပါတယ် ။ အဲဒီလိုနဲ့
သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ အလွန်ခမ်းနားတဲ့ အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ် ။ အဲဒါနဲ့သူက
“ အင်း ဒီလို ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပြီး ဒီလိုအိမ်ကြီးထဲမှာ ငါနေရရင်သိပ်ကောင်းမှာပဲလို့ ” တွေးမိလိုက်တယ် ။ ခဏလေးမှာပဲ သူဟာ အိမ်ကြီးပေါ်က သူဌေးကြီးတစ်ဦးဖြစ်သွားပါတော့တယ်
။ ဒီလိုနဲ့သူဟာ သူဌေးကြီးအဖြစ်နဲ့ အိမ်ကြီးပေါ်မှာ နေရင်းတစ်နေ့တော့
အိမ်ရှေ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတယ် ။ အဲဒီအခါ အရာရှိကြီးတစ်ဦးက
ဝေါယဉ်လှလှကြီးနဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်ရပါတယ် ။ အဲဒီတော့သူက
“ အင်း ငါလည်း ဒီလို ဝေါယဉ်လှလှကြီးစီးလိုက်ရရင်သိပ်ကောင်းမှာပဲ ” လို့တွေးမိလိုက်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့တပြိုင်နက်
သူဟာ အဲဒီဝေါယဉ်လှလှကြီးအပေါ်ကို ရောက်သွားပါတယ် ။
သူလည်းပျော်ရွှင်သွားတာပေါ့ ။ ဒီလိုနဲ့ဝေါယဉ်ကြီးက သူ့ကို
သယ်ဆောင်ပြီးမြို့ထဲကို လှည့်ပတ်သွားပါတော့တယ် ။ အဲဒီလို သွားနေခိုက်မှာ
နေမင်းဟာ အလွန်ကို ပူပြင်းလို့ သူ ဟာ “ အင်း နေကလည်းအရမ်းပူလိုက်တာနော် ငါ
နေမင်းကြီးဖြစ်ချင်လိုက်တာ ” လို့တွေးမိပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့
သူဟာ နေမင်းကြီးဖြစ်သွားပါတော့တယ်
။ နေမင်းကြီးအဖြစ်နဲ့ သူဟာ ကမ္ဘာမြေကြီးကို အစွမ်းကုန် ပူပြင်းလိုက်ရလို့
သူကျေနပ်သွားတယ် ။ အဲဒီလို ကျေနပ်နေတုန်းမှာပဲ သူ့ရှေ့ကို
တိမ်တစ်အုပ်ဝင်လာပြီး သူ့ကိုဖုံးအပ်သွားပါတော့တယ် ။
ဒီတော့သူက “ အင်း ငါ့ကို တိမ်တွေက ဖုံးအုပ်သွားကြပြီ
ငါတိမ်တွေဖြစ်ချင်လိုက်တာ ” လို့တွေးလိုက်ပြန်တယ် ။
အဲဒီလိုတွေးလိုက်တာနဲ့ပဲ သူဟာ တိမ်တွေ ဖြစ်သွားပြီး ကောင်းကင်မှာ
လှည့်ပတ်နေပါတော့တယ် ။ သိပ်မကြာခင်မှာပဲ လေပြင်းတွေ တိုက်ပြီး တိမ်တွေကို
လွင့်စင်သွားစေခဲ့တယ် ။ ဒီတော့ သူက “ အင်း တိမ်ဖြစ်ရတာလည်း
သိပ်မကောင်းပါဘူး တကယ်စွမ်းအားရှိတာက လေတွေပဲ ဒီတော့ ငါ လေပြင်းတွေ
ဖြစ်ချင်တယ် ” လို့တွေးလိုက်ပြန်ပါတယ် ။ ခဏနေတော့သူဟာ
အရှိန်အဟုန်ပြင်းစွာနဲ့ လေပြင်းတွေဖြစ်သွားတယ် ။ လေပြင်းတွေအဖြစ်နဲ့သူဟာ
ရှိရှိသမျှတိမ်တိုက်တွေနဲ့ အရာအားလုံးကို ဝှေ့ယမ်းတိုက်ပစ်ပါတော့တယ် ။
ဒီလိုနဲ့သူဟာ လေပြင်းတွေတိုက်နေတုန်း ကျောက်တောင်ကြီးတစ်ခုနားကိုရောက်တော့
ကျောက်တောင်ကြီးကို လေပြင်းတွေက မတိုးနိုင်ဘူးဆိုတာ သူသိသွားတယ် ။
ဒီတော့သူက “ အင်း တကယ့်ကို ခိုင်မာတာက ကျောက်တောင်ကြီးပါ လား ငါ
ကျောက်တောင်ကြီးပဲဖြစ်ချင်တော့တယ် ” လို့ တွေးလိုက်ပြန်တယ် ။ ခဏနေတော့ သူဟာ ကျောက်တောင်ကြီးအဖြစ်ကိုရောက်ရှိသွားတယ်
။ သူဟာ အင်အားကြီးတယ် ကြံ့ခိုင်တယ်လို့ ထင်တဲ့ ကျောက်တောင်ကြီးအဖြစ်နဲ့
ကျေနပ်နေတုန်းမှာ သူ့အောက်မှာ “ တောက်..တောက်...တောက် ”
ဆိုတဲ့အသံကိုကြားလိုက်ရတယ် ။
သူငုံ့ကြည့်လိုက်တော့ ကျောက်ဆစ်သမားတစ်ဦးဖြစ်နေပါတော့တယ် ။
####################################
ကျွန်တော်တို့ဟာ ဘ၀မှာ အကောင်းဆုံး ဆိုတဲ့ အလုပ် ၊ အကောင်းဆုံးဆိုတဲ့ အရာတွေ ကိုပဲ ရှာဖွေဖို့အမြဲကြိုးစားနေမိကြတယ်
။ ကိုယ်နဲ့ သင့်တော်တဲ့အလုပ် ကိုယ်နဲ့ သင့်တော်တဲ့ ဘ၀မှာနေရတာထက် ကိုယ်နဲ့
အဆင်မပြေတဲ့ ဘ၀တွေကိုေ ရာက်ဖို့ပဲ ခုန်ကူးဖို့ ကြိုးစားနေမိကြတယ် ။
တကယ်တော့ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ “ ကိုယ့်ဘ၀ ”
ကသာလျှင် ကိုယ့်ရဲ့ တကယ့်အစစ်အမှန် Real life ဖြစ်ပါတယ် ။
သက်တန့်ချို
No comments:
Post a Comment