Happy Valentine's Day ပြောရင်းနဲ့ "
နှလုံးသားအတွက် ဆေးတစ်ခွက် " ဆိုတဲ့ Post မှာ မေတ္တာနှင့် ပတ်သတ်သော
စာတိုပေစလေးများကို ဓမ္မလက်ဆောင် အနေဖြင့် တင်ပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင် အေးချမ်းကြပါစေဗျာ။ ( the eXistence )
၁၅၀၀ ဆိုတာ မေတ္တာတဲ့လား
***********************
၁၅၀၀ကတော့ မေတ္တာမဟုတ်ပါဘူး။ ကိလေသာပါ။ ကိလေသာဖြစ်တဲ့အတွက်
လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊ လင်မယား
အချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ
ရဟန္တာ မဖြစ်သေးသူ မှန်သမျှမှာ ဒီကိလေသာက ရှိနေမှာဖြစ်ပါတယ်။
စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။
ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ ဖြစ်ပါတယ်။
အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊
ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင်
တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ ဖြစ်ပါတယ်။
( ၇၅ x ၂ = ၁၅၀, ၁၅၀ x ၁၀ = ၁၅၀၀ )
( အရှင်ဝိစိတ္တ - မနာပဒါယီ )
၅၂၈ မေတ္တာ ဆိုတာ
****************
၅၂၈ မေတ္တာကတော့ “သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ” လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။
ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့
မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။
အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊
ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊
ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။
( အရှင်ဝိစိတ္တ - မနာပဒါယီ )
ချစ်ခြင်းကြောင့်
*************
ပိယတော ဇာယတိ သောကော၊
ပိယတော ဇာယတိ ဘယံ၊
ပိယတော ဝိမုတ္တဿ ၊
နတ္ထိသောကော ကုတော ဘယံ။
ချစ်ခြင်းကြောင့် စိုးရိမ်ခြင်းသည် ဖြစ်၏။
ချစ်ခြင်းကြောင့်ဘေးရန်သည်ဖြစ်၏။ ချစ်ခြင်းမှ လွတ်သောသူအား
စိုးရိမ်ခြင်းသည် မရှိ။ဘေးရန်သည်အဘယ်မှာရှိအံ့နည်း။
(ဓမ္မပဒ၊ပိယဝဂ်၊မထင်ရှားသောသူကြွယ်ဝတ္ထု)
မေတ္တာထားကြပါ
**************
မေတ္တာမှာ အလျားအနံ မရှိပေမဲ့
အသွားအပြန်တော့ ရှိတယ်
ဆိုတာ နားလည်းထားရမယ်။
( အရှင် ဦးသုမန - တောင်ကြီး )
သတိလေးနဲ့ ချစ်တတ်ဖို့
*******************
ချစ်ရင်လည်း သတိလေးနဲ့ ချစ်တတ်ဖို့ အရေးကြီးပါတယ်။
ဘယ်လို သတိလေးလည်း ဆိုတော့ လောကဆိုတာ
အမြဲတမ်းပြောင်းလည်းနေတယ်ဆိုတဲ့
သတိလေးတစ်ခုရှိရင်ကိုပဲ ချစ်ရတာသက်သာပါတယ်။
ကိုယ်ချစ်တဲ့သူဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ပြောင်းလဲ တတ်တယ် ဆိုတာမမေ့ပါနဲ့။
သူကကိုယ့်ကို ချစ်တဲ့စိတ်၊ ကိုယ်ကသူ့ကို ချစ်တဲ့စိတ်တွေကရော
မြဲပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
( အရှင်တေဇာနန္ဒ )
ဒုက္ခ သစ္စာ
*********
လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊
ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊
ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။
( အရှင်ဇနကာဘိဝံသ )
မေတ္တာနှလုံး ကျင့်ကာသုံး
********************
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊
အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊
မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။
( အရှင်ဝိစိတ္တ - မနာပဒါယီ )
အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ
*****************************
တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။
ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့
ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ
ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။
အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့
ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။
မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက်
သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။
ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့
မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။
( အရှင်ဝိစိတ္တ - မနာပဒါယီ )
ချစ်ဖို့ သတ္တိလို
************
သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ပဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့ သတ္တိလိုပါတယ်။
ရာခိုင်နှုန်းပြည် ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။
ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တ္တိလိုတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုး မထားပဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။
အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံး မရှိပဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )
ချစ်ပြီ ဆိုရင်
*********
သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။
ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
ငါ့ကိုယ်ငါ ပေးလိုက်လို့ရှိရင်
ငါ့ကို ဘယ်လို သဘောထားမလဲဆိုပြီး
ကြောက်တဲ့စိတ်မျိုးဆိုတာ ဖြစ်နိုင်တယ်။
( ဆရာတော်ဦးဇောတိက )
မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း
**********************
"မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း" ဆိုတာ သေချာချာ စဉ်းစားမှနော်။
အကျိုးကို လိုလားခြင်းဆိုတော့ အကျိုးဆိုတာ ဘာလဲ၊ ဘယ်လိုလဲဆိုတာ
သိမှဖြစ်မယ်။
အဲဒီတော့ အကျိုးကို လိုလားခြင်းဆိုတာဟာ သိဉာဏ်ကမှ ဖြစ်နိုင်တာနော်။
ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူးဆိုတာ မသိဘဲနဲ့
အကျိုးကို လိုလားတယ် ဆိုတာ မဖြစ်နိုင်ဘူး။
( ဆရာတော်ဦးဇောတိက )
မေတ္တာတရား စာအုပ် စာမျက်နှာ - ၁၂ မှ
မုန်းခြင်းသံယောဇဉ်
*****************
မုန်းခြင်း သံယောဇဉ်ဖြင့် ချည်နှောင်သောအခါ
ဘ၀တစ်ခု အတွင်း၌ သာမက
ဘ၀ဘ၀ ပေါင်းများစွာ ဖန်ဖန်တလဲ ကြုံကြ ဆုံကြရတတ်သည်။
ကြုံကြ ဆုံကြရသည် ဆိုရာ၌ အချင်းချင်း အကျိုးပြု၍
တစ်ဆင့်ထက် တစ်ဆင့် မြင့်မြင့်သွားမည့်
ဘ၀ပေး အခြေအနေမျိုးနှင့် ကြုံကြ ဆုံကြရခြင်းတော့ မဟုတ်။
အချင်းချင်း အပြန်အလှန် ဖျက်ဆီး၍
တစ်ဆင့်အောက် တစ်ဆင့် နိမ့်နိမ့်သွားမည့်
ဘ၀ပေး အခြေအနေမျိုးနှင့် ကြုံကြ ဆုံကြရခြင်း ဖြစ်၏။
( ဦးရွှေအောင် )
အချစ်နှင့်အမုန်း၏ သံသရာ
********************
Details Explanation :
http://www.worldofwisdom.asia/2012/02/blog-post_21.html
ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
မုန်းခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
( အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ် ၊ပေမသုတ် )
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏။
****************************
( မြတ်ဗုဒ္ဓ )
မိမိမုန်းသောသူသည် မိမိအပေါ်၌ အဘယ်မျှပင် လောကဝတ်
ပျူငှာလွန်းနေသည်ဖြစ်စေ ထိုသူအပေါ်၌ အကောင်းမထင်တော့။
ထိုသူပြုသမျှ မိမိစိတ်ထဲ၌ ကန့် လန့် ကန့် လန့် သာမြင်နေတက်၏။
အမုန်းပေါ်၌ အမုန်းမာန်သာ ဆင့်ပွားနေမည်သာ။
တစ်ပါးသူတို့ မှာလည်း မိမိမုန်းသောသူ၏
ချီးမွှမ်းဂုဏ်တင်ခန်းတိုကို ဖွင့်ဆို နေလျှင်ပင် မရှုစိမ့်နိုင်တော့ပေ။
ထိုချီးမွှမ်းသူတို့ ကိုပင် ရောပြွမ်း၍ အမုန်းပွားမိတက်လေ၏။
ဤသည်ပင် မုန်းခြင်းကြောင့် မုန်းခြင်းသာ ဖြစ်ပေါ်ရသည်မည်၏ ။
( အရှင်သုမနသာရ - ဖြူး )
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏။
*****************************
( မြတ်ဗုဒ္ဓ )
မိမိမလိုလားနှစ်သက်သူသည် မိမိအပေါ်၌ လောကဝတ်ဖြင့် ပျူငှာခြင်း
အရာရာ၌ လည်းသည်းခံခွင်လွတ်နားလည်းပေးခြင်းတို့ ကြောင့်
ထိုသူ၏မေတ္တာတရားသည် မိမိအပေါ်၌ စူးရှလာပြီး
အမုန်းတရားကိုလျော့နည်းလာကာချစ်ခင်မြတ်နိုးလာရပေ၏။
ထိုအခါ မုန်းခြင်းမှ ချစ်ခြင်းသည်ဖြစ်ပေါ်လာရပေ၏။
( အရှင်သုမနသာရ - ဖြူး )
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
****************************
( မြတ်ဗုဒ္ဓ )
တစ်ဦးနှင့်တစ်ဦးချစ်ကြရာ၌ သီးခံမှု့ မရှိ၊ နားလည်းမှု့ မရှိ၊မနာလို
ဝန်တိုခြင်း၊ ရယူလိုခြင်းသာရှိကြလျှင် ချစ်ရာမှ အမုန်းမာန်ပွားခြင်းသို
့ကူးပြောင်သွားကြရလေ၏။
မိမိလိုလားနှစ်သက်၍ ချစ်ခင်မြတ်နိုးသေသာသူအား
တစ်ပါးသူတို့ မှ ကဲရဲ့ရှုတ်ချခြင်းစကားတို့ ဖြင့်ပြောဆိုသောအခါ
မိမိကိုကုန်းချောစကားပြော ဆိုသောအခါတို့ ၌ မိမိကို အမှန်ယုံမှတ်၍
ထိုသူအပေါ်၌ တဖြည်းဖြည်းအချစ်လျော့လာတက်ပေ၏။ ချစ်လွန်အားကြီး၍
အမြဲတမ်းစိုးရိမ်မှုရှိခြင်း ငုံထားမတက်ချစ်ပါသည်ဆို
၍အမြဲတမ်းဝန်တိုနေခြင်းတို့ ကြောင့်အချစ်ကြီး၍ အမျက်ကြီးရ ၏။ ဤသိုလျှင်
ချစ်ခြင်းကြောင့် မုန်းခြင်း ဖြစ်ရ၏။
အရှင်သုမနသာရ(ဖြူး)
ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏။
***************************
( မြတ်ဗုဒ္ဓ )
တစ်ဦးနှင့်တစ်ဦး ချစ်ကြရာ၌ ချစ်တက်လျှင်ကားဆေးဖြစ်၍ မချစ်တက်လျှင်ကားဘေး
ဖြစ်သွားတက်၏ ။ မိမိချစ်ခင်နှစ်သက်သူ အပေါ်၌ နားလည်းမှု့ ၊
သီးခံခွင့်လွတ်နိုင်မှု့၊ပေးဆပ်မှု့ တို့ ဖြင့် ချစ်နိုင်လျှင် မေတ္တာသဘော
သက်ရောက်သကဲ့ သို့  ဆေးမည်ခြင်းတစ်ပါးလည်းဖြစ်ပေ၏ ။
မိမိချစ်ခင်နှစ်သက်သူအား တစ်ပါးသူတို့ မှ ဂုဏ်မြှင့်၍
ချီးကျူးစကားပြောဆိုခြင်း ၊နှစ်သက် မြတ်နိုးကြောင်းစကားဖြင့်
ပြောဆိုခြင်းကြောင့်ထိုသူအပေါ်၌ ဝမ်းမြောက်ခြင်းမုဒိတာဖြင့် ပို၍
ချစ်ခင်လာခြင်းသည် ဖြစ်လာရ၏။ ဤသည်ကို ချစ်ခြင်းကြောင့်
ချစ်ခြင်းသည်ဖြစ်ပေါ်သည်မည်၏ ။
အရှင်သုမနသာရ(ဖြူး)
လွမ်းမနေနဲ့တော့ ... အပိုပါပဲ
**********************
ကံတရား လေသင့်လို့ ဘဝတစ်ခုမှာ ခေတ္တပေါင်းဆုံခွင့်ရကြတယ်။
ကံတရား လေပင့်လို့ တစ်ယောက်နှင့်တစ်ယောက် ဝေးလွင့်ခွဲခွါကြတယ်။
မြစ်ထဲမြောနေတဲ့ ဗေဒါပင်တွေလိုပဲ ကံကြုံရင်ပြန်ဆုံကြတယ်။
ကကံသေရင်ပြန်ဝေးကြမယ်။
ကံမတူပဲ ကြည်ဖြူချင်လို့ မရသလို
ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလကားပါပဲ။
ကိုယ့်ကံနဲ့ ကိုယ့်ခရီး၊ သူ့ကံနဲ့ သူ့ခရီး
တွေ့ကြုံခွင့်ရှိတုန်း ကိုယ့်တာဝန်ကိုယ်ကျေ သူ့တာဝန်သူကျေ
ခွဲခွါကြုံခါမှတော့ လွမ်းမနေနဲ့တော့ ... အပိုပါပဲ။
( အရှင်ဆန္ဒာဓိက )
အသဲကို ဘယ်ထဲ စိမ်မှာလဲ
*******************
အသဲကွဲလို့ ကွဲတဲ့အသဲကို
အရက်ထဲစိမ်တော့ အရက်သမားဖြစ်၊
တရားထဲစိမ်တော့ တရားသမားဖြစ်၊
စာထဲစိမ်တော့ စာသမားဖြစ်၊
အလုပ်ထဲစိမ်တော့ အလုပ်သမားဖြစ်။
အရက်ထဲစိမ်တဲ့လူက စိတ်မခိုင်လို့ အတ္တသမ္မာပဏိဓိမင်္ဂလာပျက်။
တရားထဲစိမ်တဲ့လူက စိတ်ခိုင်လို့ အတ္တသမ္မာပဏိဓိမင်္ဂလာဖြစ်။
{ “ အတ္တသမ္မာ ပဏိဓိ ” ဆိုတာ မိမိကိုယ်ကို ကောင်းအောင်ထိန်းသည့် မင်္ဂလာဖြစ်၏။ }
( အရှင်ဆန္ဒာဓိက )
သူ့နေရာနဲ့ သူပေါ့
***************
တစ်ယောက်နဲ့တစ်ယောက် တစ်ကယ်ချစ်ပြီဆိုရင်
တစ်ဖက်သားကို နေရာတကာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လိုက်ဖြစ်စေချင်လို့ ရပါ့မလား။ ~ မရဘူး။
နားလည်ခွင့်လွတ်သင့်တာကို ခွင့်လွတ်ရမယ်၊
လိုက်လျောသင့်တာကို လိုက်လျောရမယ်။
တစ်ကယ့်ကို ဆိုးပြစ်တွေ ဖြစ်မယ့်ဟာဆိုရင်တော့
မဖြစ်မနေ တားဆီးရမှာပေါ့။
( အရှင်ဆန္ဒာဓိက )
လိုချင်ပြီး မပေးချင်သူ
*****************
ကိုယ်ကပဲ မေတ္တာအပြည့်လိုချင်ပြီး
ကိုယ့်ဘက်ကတော့ မေတ္တာအပြည့် မပေးချင်ဘူးဆိုရင်တော့
အကြောင်းအကျိုး မညီညွတ်တဲ့အတွက်
ကိုယ်လိုချင်တဲ့ အချစ်ကံကောင်းခြင်းကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘက်ကအရင်ပေးရမယ်ဆိုတဲ့
ကမ္မနိယာမကို လုံးဝမမေ့လိုက်ပါနဲ့။
( အရှင်ဆန္ဒာဓိက )
အချစ်ကံကောင်းချင်ရင် အကောင်းကံချစ်ပါ
*********************************
အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။
ကောင်းတဲ့ ကုသိုလ်အလုပ်တွေ လုပ်နေရုံနဲ့ အချစ်ကံ မကောင်းနိုင်သေးပါဘူး။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေပါ ရှောင်ကြဉ်မှ အချစ်ကံကောင်းနိုင်ပါတယ်။
အချစ်ကံ မဆိုးချင်ရင် အဆိုးကံ မချစ်ကြပါနဲ့။
ဆိုးတဲ့ အကုသိုလ်အလုပ်တွေ လုံးဝမလုပ်ပါနဲ့။
အဆိုးကံတစ်ခုခုကြောင့် အားနည်းချက်တစ်ခုခုရှိသွားရင်
အဲဒီအားနည်းချက်ကြောင့်ပဲ အချစ်ကံ ဆိုးတတ်ပါတယ်။
( အရှင်ဆန္ဒာဓိက )
ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို တင်ပြလိုပါတယ်။
**********************************************
ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက် အရပ်ဆယ်မျက်နှာနဲ့ ပြန်ပွားပေးခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်)
အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊
အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ)
လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဒီလေးချက်နဲ့ ပွားရပါတယ်။ ဒီနည်းအတိုင်း
သဗ္ဗေပါဏာ (အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ)၊
သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊
သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊ သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊
သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊
သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊
သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊
သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊
သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊
သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ)
တို့ကိုလည်း တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့ ပွားများပါက
ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့ မေတ္တာ ၄၈ချက် ဖြစ်ပါတယ်။ နောက် အဲဒီ
(၁၂)ယောက်ကိုပဲ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊
အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့ မြောက်ထောင့်အရပ်၊
အနောက်မြောက်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ အရပ်ဆယ်များနှာနဲ့
တစ်ခုချင်း ပုဂ္ဂိုလ်တစ်ဦးချင်း မေတ္တာတစ်ချက်ချင်း ထပ်ပွားများတဲ့အခါ မေတ္တာ
၄၈၀ချက် ဖြစ်ပါတယ်။ ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည်
ဘေးရန်ကင်းကြပါစေ..၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ကိုယ်ဆင်းရဲခြင်း
ကင်းကြပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေလို့
ပွားများပေးရသလိုပေါ့။ ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့
၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)
ဒီ၅၂၈မေတ္တာကိုပဲ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
( အရှင်ဝိစိတ္တ - မနာပဒါယီ )
No comments:
Post a Comment