သေးငယ်လှသော ကုသိုလ်ကံမျှဖြင့် ..
•••••••••••••••••••••••••••••••••
ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်မဟာမောဂ္ဂလာန်
တွေ့မြင်ခဲ့ရသော နတ်သမီး နတ်သားတို့ကို အကြောင်းပြု၍ ဤဒေသနာတော်ကို
ဟောကြားတော်မူလေသည်။
တစ်နေ့သ၌ အရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်သို့ ဒေသစာရီ
လှည့်လည်လေရာ တန်ခိုးကြီးသော နတ်သားတစ်ယောက်၏ ဘုံဗိမာန်သို့ ရောက်ရှိ၏။
ဘုံဗိမာန်၏ ပိုင်ရှင်နတ်သားသည်လည်း လာ၍ရှိခိုး၏။ အရှင်မဟာမောဂ္ဂလာန်က
"နတ်သား၊ သင်၏စည်းစိမ်သည် ကြီးကျယ်ခမ်းနားလှ၏။ အဘယ်သို့သော
ကုသိုလ်ကောင်းမှုကို ပြုခဲ့၍ ဤသို့သောစည်းစိမ်ကို ခံစားရသနည်း"ဟု မေးမြန်း၏။
နတ်သားသည်ကား သေးငယ်လှသော မိမိ၏ကုသိုလ်ကောင်းမှုကို ပြောရန် ရှက်နိုးသဖြင့် "မေးတော်မမူပါနှင့်ဘုရား"ဟု တောင်းပန်၏။
အရှင်မဟာမောဂ္ဂလာန်က အတင်းအကျပ် မေးမြန်းသောအခါတွင်မှ "အရှင်ဘုရား၊
တပည့်တော်သည် အခြားကုသိုလ်ကောင်းမှုကို မပြုနိုင်ခဲ့ပါ။
မှန်ကန်စွာပြောဆိုခြင်း သက်သက်ကိုသာ စောင့်ရှောက်နိုင်ခဲ့ပါသည်
ဘုရား"ဟု လျှောက်ထားလေသည်။
ထို့အတူပင် အခြားသောဘုံဗိမာန်မှ နတ်သမီးတို့ကလည်း အတင်းအကျပ် မေးမြန်းခါမှ မိမိတို့ကုသိုလ်ကောင်းမှုကို ထုတ်ဖော်လျှောက်ထား၏။
နတ်သမီးတစ်ယောက်က "တပည့်တော်မသည် ဒါနစသော ကုသိုလ်ကောင်းမှုကို မပြုခဲ့ရပါ။
ကဿပဘုရားရှင် လက်ထက်တော်တုန်းက တပည့်တော်မသည် သူတစ်ပါး၏ကျေးကျွန်
ဖြစ်ခဲ့ရပါသည်။ တပည့်တော်မ၏ သခင်မသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပါသည်။
ဆွဲကိုင်မိသော လက်နက်ဖြင့် ဦးခေါင်းကို ရိုက်ခွဲတတ်ပါသည်။ သို့ရာတွင်
တပည့်တော်မ အမျက်မထွက်ခဲ့ပါ။
အမျက်ထွက်မည် ပြုလာသောအခါတိုင်း "ဤသူကား သင်၏ အရှင်သခင်
ပေတည်း။ အမှတ်တံဆိပ် ရိုက်နှိပ်ရန်သော်လည်းကောင်း၊
နှာခါင်းစသည်တို့ကို ဖြတ်တောက်ရန်သော်လည်းကောင်း အစိုးရပေ၏"ဟု မိမိကိုယ်ကို ဆိုဆုံးမပါသည်။
ထိုသို့ အမျက်မထွက်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဤစည်းစိမ်ကို ခံစားရပါသည်ဘုရား"ဟု လျှောက်ထား၏။
အလားတူပင် ကြံတစ်ချောင်းကိုလှူခဲ့သူ၊ တည်သီးတစ်လုံးကို လှူခဲ့သူ၊
သခွားသီးတစ်လုံး လှူခဲ့သူ၊ ဖက်သက်သီးတစ်လုံး လှူခဲ့သူ၊ သစ်မြစ်တစ်ခု
လှူခဲ့သူ၊ တမာရွက်တစ်ဆုပ် လှူခဲ့သူများကလည်း ထုတ်ဖော်လျှောက်ထားကြလေသည်။
အရှင်မဟာမောဂ္ဂလာန်သည် လူ့ပြည်သို့သက်ဆင်း၍ ဘုရားရှင်ထံ ၀င်ရောက်ပြီးလျှင် . .
"အရှင်ဘုရား၊ သေးငယ်လှသော ကုသိုလ်ကံမျှဖြင့် နတ်စည်းစိမ်ကို ရနိုင်ကောင်းပါ၏လော"ဟု မေးလျှောက်၏။
ဘုရားရှင်က "မောဂ္ဂလာန်၊ သင်ကိုယ်တိုင် တွေ့ရပြီ မဟုတ်လော"ဟု မိန့်ကြားတော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
• မှန်ကန်သောစကားကို ပြောဆိုရာ၏။
• အမျက် မထွက်ရာ။
• တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်၎င်း ပေးလှူရာ၏။
ဤအကြောင်းသုံးပါးတို့ဖြင့်၊ နတ်ပြည်သို့ ရောက်ရာ၏။
( ဓမ္မပဒ။ ကောဓ၀ဂ် )
No comments:
Post a Comment