မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 4 July 2013

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး


အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ်အလိုက် ရှာဖွေစစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါတစ်ခု ဖြစ်လာရင် အစောဆုံး သိရှိပါက ကုသပျောက်ကင်းဖို့ အခွင့်အလမ်းများပါတယ်။ သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိနိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါတွေဟာ အသိနောက်ကျပါက အသက်ရှင်သန်နိုင်တဲ့ အချိန်အတိုင်းအတာကို ခြိမ်းခြောက်နိုင်ပါတယ်။ နာတာရှည် ရောဂါတွေကိုလည်း စောစောစီးစီးသိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွားဖြစ်ပွားမှုကနေ ကာကွယ်နိုင်ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရင်သားကင်ဆာ

ရင်သားကင်ဆာရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါပျောက်ကင်းဖို့ ရာခိုင်နှုန်း အတော်များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ်ပြီး ရင်သားကင်ဆာ ဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ်တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဘယ်လိုရှာဖွေမလဲ

အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ် ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ်ကြည့်ရှုပြီး သိရှိနိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန်ရိုက်ပြီးလည်း စစ်ဆေးကြည့်နိုင်ပါတယ်။ အမေရိကန် ကင်ဆာရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့အမျိုးသမီးတိုင်း ရင်သားကို ရောဂါရှာဖွေစစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၅၀ နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြားတစ်ကြိမ် ရင်သားပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့်ပါတယ်။


(၂) သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV) က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။ ပုံမှန်ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါ ရှိ၊ မရှိ အစောဆုံး သိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများစေပါတယ်။ သားအိမ်ခေါင်းအဝမှာ ကင်ဆာဖြစ်ချင်နေတဲ့ဆဲလ် တွေ့ရှိပါက ကင်ဆာရောဂါအဖြစ် ပြောင်းလဲ မသွားခင်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ဘယ်လိုရှာဖွေမလဲ

ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာ ရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ်အဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ် အရွယ်ကစလို့ စစ်ဆေးသင့်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာ ရောဂါကုသမှုမှာ ထိရောက်တဲ့ နည်းလမ်းကောင်းတွေပါ။

(၃) အရိုးပါးခြင်း

အမျိုးသမီးတွေက သွေးဆုံးပြီးချိန်မှာ အရိုးဆုံးရှုံးမှုများပြီး အရိုးပါးလာပါတယ်။ အရိုးတွေပါးလာတဲ့အခါ အနည်းငယ် ထိခိုက်မိရုံနဲ့ ကျိုးလွယ်လာပါတယ်။ အမေရိကန်နိုင်ငံရဲ့ အသက် ၅၀ နှစ်နဲ့အထက် အရွယ်တွေရဲ့ ထက်ဝက်လောက်က အရိုးပါးရောဂါကို ခံစားနေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ပြုလုပ်နိုင်ပါက အရိုးကျိုးတဲ့အဆင့်ကို မရောက်နိုင်ပါဘူး။

ဘယ်လိုရှာဖွေမလဲ

အရိုးသိပ်သည်းဆကို တိုင်းတာ စစ်ဆေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ တိုင်းတာထားတာကြောင့် အရိုးမကျိုးခင်မှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်းတာသင့်ပါတယ်။ အသက် ၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါးနိုင်ခြေရှိတာကြောင့် အရိုးသိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။

(၄) အရေပြားကင်ဆာ

အရေပြားကင်ဆာထဲမှာ အန္တရာယ်ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုးသားတွေမှာ စစ်ဆေးသင့်သလို အမျိုးသမီးတွေမှာလည်း စစ်ဆေးသင့်ပါတယ်။တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူဆာလှုံတာတွေက အရေပြားကင်ဆာဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီးသိရှိပြီး ကုသမှုခံယူ နိုင်ပါက အကျိုးများစေပါတယ်။

ဘယ်လိုရှာဖွေမလဲ

အရေပြား ကင်ဆာရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက်နေ့စဉ် ကြည့်ရှုတာပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါမယ်။ ဝေခွဲမရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။

(၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ

အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက သူတို့မှာ ဆီးချိုသွေးချိုရောဂါ ရှိနေတာကို မသိရှိကြပါဘူး။ ဆီးချိုသွေးချိုရောဂါ ရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချမှုတွေ ပြုလုပ်ပြီး သွေးတွင်း အချိုဓာတ်ကို လျှော့ချကာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဘယ်လိုရှာဖွေမလဲ

သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူတစ်ယောက် ဖြစ်ရင်တော့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ